အောင်မြင်ရဲဇော်၊ အေးလှိုင်၊ ရန်ကုန်၊ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ သုံးပန်လှစံပြကျေးရွာ၌ အောက်တိုဘာ ၂၃ ရက်က ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပခဲ့ရာ အင်န်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးကော်မတီအဖွဲ့ဝင် စာရေးဆရာထင်လင်းဦး၏ ဟောပြောချက်မှာ အမျိုးဘာသာ၊ သာသနာကို စော်ကားရာရောက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်ဖော်ပြခဲ့မှုအပေါ် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဦးဝီရသူ)က ကန့်ကွက်ရှုတ်ချလိုက်ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် စံတော်ချိန်သို့ မိန့်ကြားခဲ့သည်။
“ဒီစာရေးဆရာထင်လင်းဦးဆိုတဲ့လူက ငါးသိန်းကျော်သော သံဃာထုကိုစော်ကားပြောဆိုခဲ့တယ်။ သူပြောတဲ့စကားတွေက အမျိုးဘာသာ၊ သာသနာကိုပါ ထိခိုက်နစ်နာစေခဲ့တယ်။ ဒါကြောင့်မို့ သူနဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီပါတီမှာ အဓိကတာဝန်ရှိပါတယ်” ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သည်။
စာရေးဆရာထင်လင်းဦးမှာ ချောင်းဦးမြို့နယ် အင်အန်အယ်လ်ဒီပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စာပေဟောပြောပွဲ စီစဉ်ကြီးကြပ်သူမှာ ချောင်းဦးမြို့နယ် အင်န်အယ်လ်ဒီပါတီ အလုပ်အမှုဆောင် ဥက္ကဋ္ဌတစ်ဦးဖြစ်ကြောင်း သိရသည်။
ကြေညာချက်
ယင်းကိစ္စနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စာရေးဆရာထင်လင်းဦးမှာ မိမိတို့ပါတီကိုယ်စားပြု ဟောပြောရန် တာဝန်ပေးအပ်သူမဟုတ်ကြောင်း၊ စာရေးဆရာ၏ ဟောပြောချက်မှာ ၄င်းနှင့်သာ သက်ဆိုင်ပြီး ပါတီ၏ အာဘော်မဟုတ်ကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်အရ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
စာရေးဆရာထင်လင်းဦးအား ချောင်းဦးမြို့နယ် လဝကဦးစီးမှူးက ဘာသာ သာသနာကို ထိခိုက်နစ်နာစေမှု ပုဒ်မ-၂၉၅/က ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
အဆိုပါ စာပေဟောပြောပွဲကို အင်န်အယ်လ်ဒီပါတီ အလံအောက်၌ ဟောပြောခြင်းဖြစ်၍ တာဝန်ယူ ဖြေရှင်းပေးမှု မရှိသည့်အပြင် မသက်ဆိုင်ကြောင်း ထုတ်ပြန်ခြင်းသည် လူမိုက်အားပေးလုပ်ရာကျပြီး ပါတီဝင် အရေးအရာကိစ္စရပ်များကို ပါတီမှ ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း ဆရာတော်ဦးဝီရသူက နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် သဘောထားကြေညာချက်ထုတ်ပြန်ခဲ့သည်။